
“First
Cry is First Breath”။ကျွန်မတို့ဟာလူရယ်ဆိုပြီး ပြင်ပလောကကို
အခြေချတော့မယ့် အချိန်မှာအဆုတ်ကစတင်အလုပ်လုပ်ဖို့အတွက်ငိုရတာကြောင့်ဒီစကားစုလေး ဖြစ်ပေါ်လာရတာပါ။ အဲဒီလိုမျိုး ဘဝကိုအငိုနဲ့စခဲ့ရတာကြောင့်
မျက်ရည်ဆိုတဲ့စကားလုံးကို ကျွန်မတို့အားလုံး ရင်းနှီးနေကြပါတယ်။ လူတိုင်းဟာ
ငိုဖူးတဲ့သူ တွေချည်းဆိုပေမယ့် မျက်ရည်ရဲ့သဘာဝကိုတော့
လူတိုင်းမသိထားကြပါဘူး။ ”မျက်ရည်ကျတာဟာ နာကျင်မှုခံစား
ရချိန်မှာ စိတ်သက်သာရာရစေတဲ့အရာ”ဆိုတာထက် ပိုပြီးလေးနက်တဲ့
စွမ်းဆောင်ရည်တွေရှိနေပါတယ်။ ခန္ဓာကိုယ် ထဲကနေ ထွက်ခွါသွားတဲ့အရာတွေထဲမှာ
မျက်ရည်လိုမျိုး အကျိုးပြုပေးနိုင်တဲ့ အရာမရှိသေးပါဘူး။ သိပ္ပံပညာရှင်
တွေကတော့ လူတွေဆီမှာ မျက်ရည်လောက် နားလည်ရခက်တဲ့အရာမျိုး မရှိဘူးလို့
ဆိုထားကြပါတယ်။
.
မျက်ရည်ဆိုတာ…
မငိုပေမယ့်လည်း
မျက်စိထဲတစ်ခုခုဝင်ရင် မျက်ရည်ကျတတ်တယ်ဆိုတာကို ကျွန်မတို့တွေ သိထားကြပါ
တယ်။ မျက်စိကို အကျိုးပြုဖို့ရန်အတွက် မျက်ရည်ဟာ အချိန်တိုင်းမှာ
ထွက်နေပါတယ်။ ပြင်ပကနေ ဝင်လာတဲ့ အမှုန်တွေကို ဖယ်ရှားရှင်းလင်းဖို့၊
မျက်လုံးကို သန့်ရှင်းစေဖို့၊ အပူဒါဏ်ကြောင့် မျက်ကြည်လွှာ ထိခိုက်တာကို
ကာကွယ်ဖို့၊ မျက်စိအဖွင့်အပိတ် ရွေ့လျားမှုများ ချောမွေ့ဖို့၊ မျက်စိအတွင်း
ခိုးလိုးခုလု ဖြစ်မနေစေဖို့ အတွက် မျက်ရည်ဟာ အရမ်းကို အရေးကြီးပါတယ်။
.
ဒါကြောင့်
အိပ်ချိန်ကလွဲရင် မျက်စိဖွင့်ထားတဲ့အချိန်တိုင်းမှာ မျက်ရည်ထွက်နေပါတယ်။
မျက်ရည်ကို ထုတ်ပေးမယ့် မျက်ရည်အိတ်တွေကတော့ မျက်လုံးရဲ့အပေါ်
အပြင်ဘက်ထောင့်စွန်းမှာရှိနေပြီး မျက်ရည်တွေဟာ နှာခေါင်းနဲ့ကပ်လျက်
မျက်ရည်ပြွန်ကနေ အပြင်ကို ထွက်လာပါတယ်။ သူတို့ဟာ မျက်လုံးတစ်လျှောက်
စီးဆင်း လာပြီး မျက်တောင်အကြိမ်ကြိမ် ခတ်ပေးလိုက်ရင်တော့
မျက်လုံးတစ်ဝှိုက်ပျံနှံကာ ချောဆီ အနေနဲ့ အလုပ်လုပ်ပေး ပါတယ်။
.
ကျွန်မတို့က
ရေစက်ရေပေါက်လို့မှတ်ထင်နေတဲ့ မျက်ရည်ဟာ သာမန်ရေစက်ရေပေါက်လေးနဲ့
မတူပါဘူး။ မျက်ရည်တစ်စက်မှာ အပြင်ဘက်ဆုံးက အဆီပြင်လွှာ၊ အလယ်မှာက ရေလွှာနဲ့
အတွင်းဘက်မှာတော့ စေးပစ်နေ တဲ့အလွှာ ဆိုပြီး အလွှာ ၃ လွှာ ပါဝင်ပါတယ်။
ကျွန်မတို့ရဲ့ မျက်လုံးတွေ ချောမွေ့မှုရှိနေတာဟာ မျက်ရည်အတွင်း လွှာရဲ့
ဂုဏ်သတိကြောင့်ပါ။ ဒါ့အပြင် မျက်ရည်မှာပါဝင်တဲ့ ပရိုတင်း
Immunoglobulin နဲ့ Lysozyme အင်ဇိုင်း တို့ဟာ ပိုးမွှားတွေကိုသေစေနိုင်တဲ့
အာနိသင်ရှိတာကြောင့် မျက်စိကို ကာကွယ်ပေးပြီးသား ဖြစ်နေပါတယ်။
.
အမျိုးသမီးတွေက မျက်ရည်ပိုကျသလား…
မွေးဖွားပြီးလို့
ရက်သတ္တပတ်အတွင်းမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်
ငိုနေပေမယ့် မျက်ရည်မပါသေးပါဘူး။ အသက် ၁၂ နှစ်လောက် ရောက်တဲ့အထိလည်း
ယောက်ျားလေးနဲ့ မိန်းကလေး မျက်ရည် ကျတာ သိပ်ပြီး မကွာခြားသေးပါဘူး။ အသက် ၁၈
နှစ်နောက်ပိုင်းရောက်ရင်တော့ မိန်းကလေးတွေဟာ ယောကျာ်း လေးတွေထက် ၄ဆလောက်
ပိုပြီးငိုတတ်လာတယ်။ အခုလို မိန်းကလေးတွေဟာ အငိုလွယ်ကြတယ်၊ မျက်ရည်လွယ်
လွယ်ကျတယ်ဆိုတာ ဘာကြောင့်လဲ။
.
အမျိုးသမီးတွေမှာ
Prolactinလို့ခေါ်တဲ့ဟော်မုန်းတွေ ပိုပြီးပါပါတယ်ယောက်ျားလေးတွေဆီမှာက
ပါပေမယ့် အရမ်းနည်းပါတယ်။ အဲဒီဟော်မုန်းဟာ နို့ရည်စစ်ထုတ်မှုနဲ့
သက်ဆိုင်သလို မျက်ရည်ထုတ်တာနဲ့လည်း ဆက်စပ်နေပါတယ်။ အသက် ၁၂
နှစ်ပြည့်ပြီးချိန် (အပျိုဖော်ဝင်ပြီးချိန်) ရောက်ရင် မိန်းကလေးတွေမှာ
Prolactin ဟော်မုန်းဟာ ၆ဝ ရာခိုင်နှုန်းလောက် ပိုများနေတာကြောင့်
မျက်ရည်အလွယ်တကူကျလာပါတယ်။ သွေးဆုံးခါနီး အချိန်ကိုရောက်ရင်တော့
ဟော်မုန်းထုတ်လုပ်မှုက ၅ဝရာခိုင်နှုန်း အထိလျော့ကျသွားနိုင်လို့
မျက်လုံးခြောက်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။
.
မျက်ရည်ကျတယ်ဆိုတာ..
ကျန်းမာရေးကောင်းတဲ့သူတွေမှာတော့
မျက်ရည်ဂလင်းကနေ မျက်ရည်ကို ပုံမှန်ထုတ်ပေးနေပါတယ်။ မျက်လုံးအတွင်းမှာ
အမြဲစီးဆင်းနေတဲ့ မျက်ရည်ဟာ ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေ
ကြုံတွေ့ရတဲ့အချိန်မှာဆိုရင် ပိုပြီးထွက်လာပါတယ်။
ကူးစက်ပိုးတစ်စုံတစ်ရာဝင်တဲ့အချိန်၊ ဖုန်မှုန့်၊ သဲမှုန့်၊ အငွေ့တွေကြောင့်
မျက်ရည်ကျတတ် သလို မျက်မြေးပါးရောင်တာလို မျက်စိနဲ့ပတ်သက်တဲ့
အခြေအနေတချို့မှာလည်း မျက်ရည်ကျတတ်ပါတယ်။
.
မျက်ရည်ကျရတဲ့အကြောင်းအရင်းတွေကို
လေ့လာကြည့်ရင်တော့ ဝမ်းနည်းကြေကွဲမှုကြောင့် ငိုရတာက ၄၉ % လောက် ရှိတာကို
တွေ့ပါလိမ့်မယ်။ ပျော်ရွှင်ခြင်းကြောင့် မျက်ရည်ကျရတာက (၂၁%)၊
ဒေါသထွက်ခြင်း ကြောင့်ကျတဲ့ မျက်ရည်ကလည်း (၁ဝ%) လောက်ရှိနေပါတယ်။ စာနာစိတ်၊
စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ သမ်းဝေ ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အော့အန်ခြင်းတို့ကြောင့်လည်း မျက်ရည်ကျတတ်ပါတယ်။
.
နို့တိုက်သတ္တဝါတချို့ဟာ
မျက်စိထဲကိုတခုခုဝင်လာတာကို တုံ့ပြန်ဖို့ မျက်ရည်ကျနိုင်ပြီး
အဲဒီမျက်ရည်တွေ ဟာ ချောဆီအနေနဲ့လည်းအလုပ်လုပ်ပေးပါတယ်။ ဆင်နဲ့ မျောက်တွေဟာ
မျက်ရည်ကျနိုင်ပေမယ့် စိတ်ခံစားမှု ကြောင့် မျက်ရည်ကျရတာကတော့
လူတွေပဲရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ စိတ်ဖိစီးမှု၊ မျက်ရည်၊ နှလုံးရော
ဂါနဲ့ သက်ကြီးအတိတ်မေ့ရောဂါကြားက ဆက်စပ်မှုကို ရှာဖွေလျက် ရှိပါတယ်။
.
မျက်ရည်နဲ့ ကျန်းမာရေး..
မျက်ရည်ဟာ
မျက်လုံးတွေကိုသာ အကျိုးပြုနိုင်တာမဟုတ်ပါဘူး။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကဗျာဆရာတွေ၊
စာပေပညာရှင်တို့ကတော့ မျက်ရည်တွေအပြင်ကိုထွက်လာတာဟာ လူတွေအတွက်
ကောင်းတယ်လို့ ဆိုခဲ့ကြပါတယ်။ ရှိတ်စပီးယားကတော့ ငိုကြွေးတာဟာ ပူဆွေး
သောကတွေကို လျော့ကျသွားအောင် လုပ်ပေးတယ်လို့ ဆိုထားပါတယ်။ အခုတော့
ငိုကြွေးတာဟာလူတွေအားလုံးအတွက် ကောင်း တယ်ဆိုတာကို သုတေသီတွေက
အတည်ပြုပြောဆိုလာပါပြီ။
.
မျက်လုံးယားယံပြီးကျတဲ့မျက်ရည်တွေဟာ
စိတ်လှုပ်ရှားမှုကြောင့်ကျတဲ့ မျက်ရည်နဲ့ ကွာခြားမှုရှိပါတယ်။
စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့မျက်ရည်တွေမှာ Immunoglobulin
ပရိုတင်းတွေ ပါဝင်မှုပိုများသလို နာကျင်မှုကိုသက်သာစေတဲ့ Betaendorphin လည်း
ပါဝင်နေပါတယ်။ မျက်ရည်ဟာ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ မကောင်းမြင်စိတ်ကို
လျော့ကျစေခြင်း၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တို့ကို ဖယ်ရှားနိုင်ခြင်း၊
ခန္ဓာကိုယ်က ဝေဒနာတွေကို အလိုလို ပြန်ကုစားနိုင်ခြင်း၊
စွမ်းအင်ကိုပြန်ပြည့်စေခြင်းတို့ကြောင့် ကျွန်မတို့အတွက် တကယ့်ကို
အကျိုးရှိတဲ့ ပစ္စည်းပါပဲ။
.
ငိုချလိုက်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးကောင်းမွန်လာသလို
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို လည်း အထောက်အကူပြုပါတယ်။ မိမိချစ်ခင်တဲ့သူ
တစ်စုံတစ်ယောက်ကိုဆုံးရှုံးသွားချိန်၊ ထိခိုက်ဒါဏ်ရာရတဲ့
အချိန်မျိုးမှာဆိုရင် နှလုံးရောဂါရဲ့ တိုက်ခိုက်မှုဒါဏ်ကို
ပိုပြီးခံစားရပါတယ်။ အဲဒီအချိန်မှာ ငိုချလိုက်တဲ့သူတွေ အနေနဲ့
နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားပါတယ်။ ပူဆွေးသောက ရောက်နေတဲ့သူတွေ
ငိုလိုက်တဲ့နောက်မှာ သူတို့ ခံစားရတာတွေ လျော့ကျသက်သာသွားပါတယ်။
.
မျက်ရည်ဟာ
ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ရှုထုတ်လိုက်တဲ့လေတွေလိုပဲ ခန္ဓာကိုယ်အတွက်
အဆိပ် အတောက်ရှိတဲ့ ပစ္စည်းတွေနဲ့ အခြားစွန့်ထုတ်ပစ္စည်းတွေကို
ဖယ်ရှားပေးပါတယ်။ ငိုချလိုက်တဲ့အခါ အဆုတ်က ပွင့်သွားပါတယ်။
မျက်နှာကြွက်သားတွေကို ပုံမှန်အလုပ်လုပ်စေခြင်း၊ မျက်လုံးများကို
အလုပ်လုပ်စေခြင်း၊ ဒေါသကို လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရှိသလို
နွမ်းနယ်မှုတွေကို သက်သာစေပါတယ်။
.
စိတ်ဖိစီးမှုနဲ့ မျက်ရည် …
စိတ်ဖိစီးမှုကြောင့်
ထွက်လာတဲ့ Stress Hormone တွေဟာ ဦးနှောက်မှာရှိတဲ့ Hippocampus နေရာကို
သွားပြီး သက်ရောက်ပါတယ်။ အဲဒီနေရာဟာ သင်ယူမှုနဲ့
မှတ်ဥာဏ်စွမ်းရည်တည်ရှိနေတာကြောင့် လူတစ်ယောက် ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့
ဆက်စပ်ပြီး ပြဿနာတွေရှိလာပါတယ်။ Stress Hormone တွေဟာ Hippocampus နေရာကနေ
ဂလူးကို့စ်ရယူမှုကို လျော့ကျသွားစေပါတယ်။ ဂလူးကို့စ်ကိုသာ
လောင်စာအဖြစ်အသုံးပြုနိုင်တဲ့ ဦးနှောက်ရဲ့ဆဲလ်တွေဟာ ဂလူးကို့စ်မရတဲ့အခါ
သေသွားတတ်ပါတယ်။
.
စိတ်ဖိစီးမှုကို
ခံစားနေရတဲ့အချိန်မှာ ကျောက်ကပ်ရဲ့ အပေါ်ဘက်ရှိ Adrenal Gland က
ထုတ်လိုက်တဲ့ စတီးရွိုက် Steroids တွေ ကြောင့်လည်း Hippocampus နေရာရှိ
အာရုံကြောတွေ ဆုံးရှုံးသွားတတ်ပါတယ်။ စိတ်ဖိစီးမှုဟာ
နာဗ်ကြောများဖွံ့ဖြိုးမှုကို ၅ဝ ရာခိုင်နှုန်းအထိ ဆုတ်ယုတ်သွားစေသလို
အသက်ရှုလမ်းကြောင်း အပေါ်ဘက်မှာ ကူးစက်ပိုးဝင်စေပါတယ်။ ဆေးတွေကိုလည်း
အလွယ်တကူ စွဲနိုင်လာပါတယ်။
.
လူတွေမှာစိတ်ဖိစီးမှုကိုလျော့ချနိုင်မယ့်
နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အကြောင်း
အရာတွေကို ရှောင်တာကတော့ အဓိကပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊
ယှဉ်ပြိုင်ရတဲ့အားကစားမျိုးကိုဆော့မယ်၊ ဝါသနာပါရာ တစ်ခုခုအပေါ်မှာ
အာရုံစူးစိုက်မယ်ဆိုရင်လည်း စိတ်ဖိစီးမှုကို လျော့နည်းစေတာပါပဲ။ သူတို့လိုပဲ
စိတ်ဖိစီးမှုတွေကို အနိုင်ယူနိုင်တဲ့ နောက်အချက်ကတော့ ငိုဖို့ပါပဲ။
.
စိတ်ဖိစီးမှုခံစားနေရတဲ့အချိန်မှာ
ထွက်ပေါ်လာတဲ့ Chemicals တွေကို ဖယ်ရှားဖို့ အကောင်းဆုံး နည်း
လမ်းတွေထဲမှာ ငိုချလိုက်ဖို့လည်း ပါပါတယ်။ ငိုလိုက်တဲ့အချိန်မှာ
ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ Chemicals တွေဟာ အပြင်ကို ထွက်သွားတာကြောင့်
သူနဲ့ဆက်စပ်ပြီးဖြစ်လာနိုင်တဲ့ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ဦးနှောက်
ပျက်စီးမှုတို့ကို ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် အသက်ပိုရှည် ရတာကလည်း ဒီအချက်နဲ့ ဆက်စပ်မှုရှိနေပါတယ်။
.
မျက်ရည်မကျတော့ရင် ဘာဖြစ်နိုင်သလဲ။
ကျန်းမာရေးကောင်းတာဟာ
မျက်ရည်ကျတာနဲ့ ဆက်စပ်နေပါတယ်။ တကယ်လို့ မျက်ရည်မကျတော့ဘူး၊
မငိုနိုင်တော့ဘူးဆိုရင် ဆရာဝန်နဲ့တွေ့ဆုံပြီး မျက်ရည်ပြွန်တွေမှာ
ပိတ်ဆို့မှုရှိနေလား၊ တခြား ပြဿနာကြောင့်လား ဆိုတာကို စစ်ဆေးရပါတော့မယ်။
မျက်ရည်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်နိုင်တဲ့ ပြဿနာက ၂ မျိုးရှိပါတယ်။ တစ်ခုက
မျက်ရည်ကြည်ကျတာဖြစ်ပြီး နောက်တစ်မျိုးကတော့ မျက်လုံးခြောက်တာပါပဲ။
.
မျက်ရည်ကြည်ယိုတယ်ဆိုတာက
တစ်ခါတစ်ရံမှာ မျက်ရည်တွေ အလွန်အကျွံ ထွက်တာပါပဲ။ လေတိုက်တဲ့ အခါ၊
တစ်စုံတစ်ရာကို စူးစိုက်ပြီးကြည့်တဲ့အခါ၊ မျက်စိနဲ့မတည့်တဲ့ တစ်စုံတစ်ရာနဲ့
ထိတွေ့မှုရှိတဲ့ အခါမျိုးတွေမှာ ဒီပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။
များသောအားဖြင့်တော့ မျက်ရည်ကြည်ကျတာဟာ မျက်ရည်ယိုစီးတဲ့ System မှာ
တစ်စုံတစ်ရာပိတ်ဆို့မှု ရှိတာကြောင့်ပါပဲ။
.
မျက်ရည်ပြွန်တွေမှာ
ပိတ်ဆို့မှုရှိတဲ့အခါမှာ မျက်ရည်ကျနေတတ်ပြီး သူ့ကြောင့် မျက်မြှေးပါးတွေပါ
ရောင်ရမ်းတတ်ပါတယ်။ ဒီပြဿနာကို ကလေးငယ်တွေမှာ အတွေ့ရများပြီး သူတို့ရဲ့
မျက်လုံးနဲ့ နှာခေါင်းကြား ကနေရာကို နှိပ်နယ်ပေးရင် ပိတ်နေတဲ့ပြွန်တွေဟာ
ပြန်ပွင့်သွားပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ကို စမ်းသပ်
စစ်ဆေးဖို့လိုအပ်ပါတယ်။ တစ်ချို့ကလေးတွေမှာတော့ ရှားရှားပါးပါး
ခွဲစိတ်မှုလုပ်လိုက်ရတာမျိုး ရှိတတ်ပါတယ်။
.
မျက်လုံးခြောက်တဲ့ပြဿနာကိုတော့
မျက်ရည်ထုတ်လုပ်မှုနည်းတဲ့ အသက်ကြီးပိုင်းမှာ ပိုတွေ့ရပါတယ်။
အဆစ်အမြစ်ကိုက်၊ လေးဘက်နာရောဂါမျိုးတွေ၊ ဆီးဆေးတွေ၊ ဆေးတစ်ချို့ကြောင့်လည်း
မျက်လုံးခြောက်နိုင် ပါတယ်။ မျက်လုံးခြောက်တဲ့သူတွေအနေနဲ့ မျက်လုံးထဲမှာ
သက်တောင့်သက်သာမရှိဘဲနဲ့ ရှတတခံစားမှုမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကို
သက်သာဖို့ဆိုရင် မျက်စဉ်း၊ မျက်ရည်တုတို့ကို သုံးပေးနိုင်ပါတယ်။ တခါတရံတော့
ညဘက်မှာ Eye Ointment ကို အသုံးပြုပေးရပါတယ်။
.
နောက်တစ်ချက်ကတော့
စိတ်ပိုင်းဆိုင်ရာပြဿနာပါ။ သူတို့ခံစားချက်တွေကို နှစ်ပေါင်းများစွာ
သိုဝှက်ထား တတ်တဲ့သူတွေဟာ မငိုတတ်ကြပါဘူး။ ဒါပေမယ့် မိသားစုတစ်စုမှာ
ဘယ်တော့မှမငိုတဲ့ မိန်းကလေးတစ်ယောက် ဟာ သူတို့ရဲ့ ဆရာဝန်နဲ့
တွေ့ဆုံချိန်ရောက်ရင်တော့ ရှိုက်ကြီးတငင် ငိုကြွေးတတ်ပါတယ်။ သူတို့ရဲ့
ခံစားချက်တွေကို နှစ်ပေါင်းများစွာ ငုပ်လျှိုးစေခဲ့ပြီး သူတို့ယုံကြည်ရတဲ့
တစ်စုံတစ်ယောက်နဲ့တွေ့တဲ့အချိန် ရောက်ရင်တော့ မျက်ရည်တွေဟာ အလိုလို
ကျလာပြီး သူတို့ စိတ်သက်သာရာကို ရှာတတ်ကြပါတယ်။
.
ရယ်မောခြင်းလိုပဲ
မျက်ရည်ကလည်း ကျွန်မတို့အားလုံးအတွက် သဘာဝကပေးထားတဲ့ ကျန်းမာရေး
လက်ဆောင်မွန်ပါပဲ။ ရယ်မောခြင်းကြောင့် ဘဝအမောတွေပြေကြတယ်၊
စိတ်ဖိစီးမှုတွေလျော့နည်းသွားတယ်၊ နုပျိုတယ်၊ အသက်ရှည်တယ်ဆိုတဲ့ အချက်တွေကို
တခမ်းတနားဖော်ပြတတ်ကြပေမယ့် မျက်ရည်ကိုတော့ ကျွန်မတို့
မေ့လျော့နေတတ်ပါတယ်။ တကယ်တော့ မျက်ရည်ဟာ ကျွန်မတို့ရဲ့ မပျော်ရွှင်ခြင်း၊
ဝမ်းနည်းအားငယ်ခြင်း၊ နာကျင် ခြင်းတို့အတွက် အကောင်းဆုံး ထွက်ပေါက်တစ်ခုပါ။
ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ခံစားနေရတဲ့အချိန်မှာ မျက်ရည်တွေကို
စီးဆင်းခွင့်ပြုလိုက်ပါ။ ထွက်သွားသင့်တဲ့ Chemicals တွေကို
ထွက်သွားခွင့်ပြုပေးလိုက်ပါ။ ဒါကလည်း ကျွန်မတို့ကို သက်ရှည်ကျန်းမာစေတဲ့
နည်းလမ်းကောင်းတစ်ခုပါပဲ။
From : Arogym Magazine
နှင်းနုလွင် (ဆေးဝါး)
No comments:
Post a Comment
Note: Only a member of this blog may post a comment.