Friday, July 20, 2012

ပဲဂိုထောင် မီးရှို့မှုဖြင့် အဖမ်းခံ သံဃာများ စွဲချက် မတင်မီပြန်လွှတ်

ပုသိမ်၊ ဇူလိုင် ၁၉၊ ၂၀၁၂ YPI

ယခင်လလယ်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးပိုင် ပဲဂိုထောင်အား မီးရှို့ခဲ့မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် သံဃာတော်၁၂ဦးအား ယခုလ ၁၀ ရက်နေ့က အမှုစွဲချက်မတင်မီ ရုပ်သိမ်းကာ တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း  သိရသည်။

ဇွန်လ ၁၉ရက်နေ့နံနက် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် ပဲဂိုထောင် မီးရှို့မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ သံဃာ၁၁ပါးအား ပုသိမ်ခရိုင်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၅၅/၂၀၁၂ဖြင့်၎င်း၊ အသက်(၁၇) နှစ်အရွယ် ကိုရင်တပါးကို ရေကြည်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၄/၂၀၁၂ ဖြင့်၎င်း၊ စုစုပေါင်း သံဃာ၁၂ ပါးလုံးအား စုပေါင်းကာ ပြစ်မှုပုဒ်မ ၄၅၄/၄၃၆/၃၄ ဖြင့် တရားလိုမှ တရားစွဲရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ ဘာသာရေးအကြီးအကဲများ ညှိုနှိုင်း၍  အမှုအား ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

တစောင်းရိုးရွာတွင်နေထိုင်သူတချို့၏ ပြောဆိုချက်အရ ဇွန် ၁၉ရက် နေ့ နံနက် ၁ နာရီခွဲခန့်တွင် သံဃာများ စီးနင်းလာသည့် ကားပျက်သဖြင့် အခင်းဖြစ်ပွားရာခြံမှ ဂွငှားရာတွင် ခြံစောင့်၏ မချေမငံပြောဆိုခဲ့ရာမှ ယင်းမီးရှို့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခုအမှုတွင် သံဃာများဘက်မှ အကျိုးဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်မြင့်သိန်းက "အခုလိုညှိနှိုင်း ဆောင်ရွက်လိုက်တော့ ပြဿနာအားလုံး အေးအေးချမ်းချမ်းဖြစ်သွားတာပေါ့၊ သံဃာတွေလည်း တက်နေတဲ့ အတန်းပြန်ပြီး စာသင်လို့ရတာပေါ့" ဟုYPI သို့ ပြောသည်။

ဥပဒေအရဆိုလျှင် အဆိုပါအမှုမှာ ပုဒ်မတခုခြင်းစီအလိုက် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ်၁၀နှစ်၊ ထောင်ဒဏ် ၅နှစ် အထိ အသီးသီးကျခံရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပုသိမ်ခရိုင်တွင် ဇွန်လအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အဆောက်အအုံမီးရှို့ခံရမှုများ ဖြစ်ပွားခဲ့ရာ ယခုအမှုသည် ဒုတိယမြောက်ဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့ကလည်း တကုန်းကြီး ကျေးရွာရှိ အစ္စလာမ် စာသင်ကျောင်းအား မီးရှိုမှုဖြစ်ပွားခဲ့ရာ လက်သည်ကို ယခုထိ မဖေါ်ထုတ်နိုင်သေးကြောင်း ၎င်းစာသင်ကျောင်းအတွင်းရေးမှူး ဦးဘီစကွတ် ၏ ပြောဆိုချက်အရ သိရသည်။       ။

by Yangon Press International
From Thit Htoo Lwin

No comments:

Post a Comment

Note: Only a member of this blog may post a comment.