From မင်းစံအိမ်
ကျွန်တော်တို့လူမျိုးမှာ ၀မ်းကောင်းရင်ခေါင်းမခဲဘူး ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။
မှန်လို့လည်း လက်ခံကျင့်သုံးနေကြတယ်မဟုတ်လား။
ခေါင်းဘာကြောင့်ခဲရတာလဲ။ ကိုယ်ထဲမှာ အဆိပ်အပုပ်အပူတွေရှိနေတဲ့
အကျိုးဆက်ပါ။ ၀မ်းကောင်းရင်ဆိုတာက ၀မ်းမှန်တာ၊ ၀မ်းသွားတာကိုဆိုလိုပြီး ၀မ်းနဲ့အတူ
အဆိပ်၊အပုပ်၊အပူတွေပါသွားရှင်းသွားတဲ့သဘောပါ။
ကျွန်တော်တို့ ကိုယ်တွင်းမှာ ဘယ်လိုအဆိပ်အပုပ်အပူတွေရှိနေတာလဲ။
ဘာကြောင့်ဘယ်လိုဖြစ်လာတာလဲ။ သူက ခေါင်းခဲရုံတစ်မျိုးပဲ ဒုက္ခပေးတာလား။ တခြားဒုက္ခပေးတာရော
မရှိတော့ဘူးလား။ သည်ဒုက္ခတွေနည်းအောင်၊ ကင်းအောင်၊ ဘယ်လိုတားမလဲ၊ ဆင်ခြင်မလဲ။ ပေါ်ပြီးရှိနေရင်
ဝမ်းကောင်းအောင်ထိန်းတဲ့နည်းတစ်နည်းပဲရှိတာလား။ အခြားထိရောက်တဲ့ နည်းတွေကော မရှိတော့ဘူးလား။
သည်မေးခွန်းတွေဟာ အနာရောဂါကင်းပြီး ကျန်းမာလိုသူတိုင်းသိသင့်၊
လိုက်နာသင့်တဲ့ မေးခွန်းတွေပါ။ သည်စာအုပ်က လူတိုင်းမလွဲမသွေကြုံရမယ့်နစ္စဓူဝဘ၀ကို လက်တွေ့ကျကျအခြေတည်ပြီး
အနောက်တိုင်းနဲ့ အရှေ့တိုင်း ဆေးပညာတို့ကိုပေါင်းစပ်ကာ သိပ္ပံနည်းကျ အဖြေထုတ်ပေးထားပါတယ်။
နေ့စဉ်ဘ၀နေမှုနဲ့ ပတ်သက်ပြီး ကိုယ့်အမြင်၊
ကိုယ့်အကျင့်တွေဟုတ်မှန်ရဲ့လား၊ လွဲချော်နေလားဆိုတာကို ဆန်းစစ်တိုက်ကြည့်ဖို့ အောက်ပါအကြောင်းအရာများက ကူညီပါလိမ့်မယ်။ မှန်တဲ့၊ ကောင်းတဲ့နည်းကို ညွှန်ပြပါလိမ့်မယ်။
ကိုယ်တွင်းက အဆိပ်အပုပ် ရှင်းထုတ်ပါ။
သင့်ခန္ဓာကိုယ်ဟာ လေးပင်ထိုင်းမှိုင်းတယ်၊ မျက်နှာမွဲခြောက်တယ်၊
စိတ်လေးလံနေတယ်ဆိုရင် ဒါတွေကို ပပျောက်နိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ပေါ့ပါးပျော်ရွှင်စွာဆောင်ရွက်နိုင်တဲ့
အဆိပ်အပုပ်ရှင်းထုတ်နည်းပါပဲ။ နေ့တိုင်း၊ အချိန်တိုင်းမှာ အဆိပ်အပုပ်ရှင်းထုတ်နည်း
တစ်မျိုးမျိုးကို ရွေးချယ်လုပ်ဆောင်ပြီး အကျိုးသက်ရောက်မှု အာနိသင်ကိုလည်း လက်တွေ့ခံစားကြည့်ပါ။
ကိုယ်တွင်းက အဆိပ်အပုပ်ရှင်းထုတ်မှုဟာ ခန္ဓာကိုယ်ကျန်းမာရေးနှင့်
ကိုယ်တွင်း ညီညွတ်မျှတာမှုရှိရေးအတွက် အကျိုးသက်ရောက်ကြောင်းကို အမြင်သစ်တစ်ရပ်အဖြစ်
လက်ခံထားကြာပြီ။ ရောဂါကာကွယ်ခြင်း၊ ကိုယ်စိတ်နှစ်ပါးသန့်ရှင်း ကြည်လင်ခြင်း၊ ကြံ့ခိုင်သန်စွမ်းခြင်းတွေအတွက်
အစွမ်းထက်တဲ့နည်းပါပဲ။
သင်အဆိပ်သင့်နေပြီလား၊
လူ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်ကြောင့် ဓါတုအညစ်အကြေးအမျိုးပေါင်း
400ကျော်ဖြစ်ပေါ်နိုင်တယ်။ လူတိုင်းတစ်ရက်မှာ ရောဂါပိုးမွှား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးကောင်ဥတွေ
စုစုပေါင်း ကုဋေ 4000 ခန့်စွန့်ထုတ်နေတယ်။
မြို့နေလူထု 90%ဟာ အဆိပ်သင့်နေကြောင်း၊ အချို့လူရဲ့ကိုယ်တွင်းမှာ အဆိပ်အပုပ်တွေဟာ
6500 ဂရမ်အထိ စုပုံနေကြောင်းသုတေသနတွေ့ရှိထားတယ်။ ခုခေတ်လူတွေ ရောဂါအဖြစ်များလာကြတယ်။
ဥပမာ - နှလုံးနှင့် ဦးနှောက်သွေးကြောရောဂါ၊ ဆီးချိုရောဂါတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ခံစားနေကြရပြီ။
အသက်အရွယ်ကြီးမှ ဖြစ်တဲ့ရောဂါတွေဟာ အခုခေတ်လူငယ်တွေမှာ ဖြစ်နေကြပြီ။ လူငယ်တော်တော်များများဟာ
မဖျားမနာသော်လည်း မကျန်းမမာ မအီမသာဖြစ်နေတာ တွေ့ရတယ်။
ခေတ်သစ်လူနေမှု ဘ၀ပုံစံကြောင့်လူတွေ သက်သာ၊အဆင်ပြေ၊ဇိမ်ကျလာတာ
အမှန်ပါ။ ဒါပေမယ့်တစ်ဖက်မှာ ကျန်းမာရေးအတွက် မကောင်းတာတွေလည်း ပေါ်စေပါတယ်။ အလွယ်စာတွေ၊
အမြန်စာတွေခေတ်စားလာလို့ ဒါတွေနဲ့ အမြဲဖြေရှင်းနေတော့ အာဟာရပိုင်းအားနည်းလာတာပေါ့။
ခြေကျင်အစားယာဉ်တွေနဲ့ အဆင်ပြေလာတော့ နှလုံးရဲ့လေ့ကျင့်ခွင့်၊ အဆုတ်ရဲ့လတ်ဆတ်တဲ့ လေရှူခွင့်တွေ
လျော့လာ၊ ပျောက်လာပါတယ်။
သင့်ကိုယ်ပေါ်မှာ အောက်ပါအခြင်းအရာများ
မကြာမကြာပေါ်ပေါက်တတ်ပါသလား။
အသက်ရှူစဉ်အနံ့ဆိုးခြင်း၊
ပါးစပ်နံခြင်း၊ ကြို့ထိုးခြင်း၊ လေပွခြင်း၊ ဗိုက်တင်းခြင်း၊ ၀မ်းချုပ်ခြင်း။
အဓိကတော့ အူလမ်းကြောင်းမှာ အညစ်အကြေးတွေများလွန်းလို့
ဖြစ်တာပါ။ ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်အများဆုံး နေရာဟာအူထဲမှာပါပဲ။ ဒါကြောင့်အူဟာ ပြဿနာအဖြစ်လွယ်ဆုံးနေရာပါ။
ကိုယ်တွင်း အဆိပ်အပုပ်ရှင်းထုတ်ရာမှာ အလေးထားရမယ့် နေရာလည်းဖြစ်ပါတယ်။
နွယ်နယ်နုံးချည့်ပြီး
စိတ်သွားတိုင်းကိုယ်မပါနိုင်သလို အမြဲခံစားရခြင်း၊ အအေးမိနှာစေးကာ သို့မဟုတ်ကိုယ်ပူတာ
မကြာခဏ ဖြစ်ခြင်း၊ ချွေးထွက်လွယ်ခြင်း၊ ခြေလက်အေးစိုနေခြင်း။
ခန္ဓာကိုယ်တွင်း အဆိပ်အပုပ်နှင့် အညစ်အကြေးတွေ
တိုးများလာတဲ့အခါ ကိုယ်တွင်းအင်္ဂါနှင့် အစုအဖွဲ့တွေရဲ့ လုပ်ငန်းဝန်ကို ပိုစေတယ်။ ဒီတော့
မောပန်းနွယ်နယ်ပြီး ကိုယ်ခံအားလည်းကျဆင်းလာတယ်။
ဆီးမကြာခဏသွားခြင်း(ဆီးရောင်ဖျော့ခြင်း)၊
ဆီးနည်းခြင်း(ဆီးရောင်ရင့်၍နီခြင်း)၊ ဆီးသွားစဉ်နာကျင်ခြင်း၊ ခြေလက်ရောင်တင်းခြင်း။
ခြေထောက် ဖောရောင်တာက ရောဂါဇစ်မြစ် တစ်ခုခုရှိနေတာ
သို့မဟုတ် အဆိပ်အပုပ်များလွန်းတာကို ပြတာပါ။ ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်း ထိခိုက်လာလို့
ကိုယ်တွင်းမှာ ရေအကျန်များတဲ့ အကျိုးဆက်ပါ။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်
အင်္ဂါဖြစ်ပြီးဆီးရည်ကတော့ ခန္ဓာကိုယ်က စွန့်ပစ်တဲ့အရာပါ။ ကိုယ်တွင်းအဆိပ်ပုပ် အနည်းအများကို
ကျောက်ကပ်နှင့်ဆီးအနေအထားကိုကြည့်လျှင် သိနိုင်တယ်။
အရေပြားမှာ ပြဿနာပေါ်ခြင်း(ဥပမာ-
အရေပြားခြောက်ခြင်း သို့မဟုတ် အဆီပြန်ခြင်း၊ အနီကွက်၊ အစက်အပြောက်၊ အဖုငယ်ထခြင်း၊ ယားယံခြင်း)
အရေပြားဟာ ခန္ဓာကိုယ်ရဲ့ကြေးမုံပြင်ပါ။ ခန္ဓာကိုယ်ရဲ့အနေအထားကို
အရေပြားမှာကြည့်လျှင် သိနိုင်တယ်ဆိုတဲ့ သဘောပါ။ ခန္ဓာကိုယ်က မျက်နှာပြင်ဧရိယာ အကျယ်ပြန့်ဆုံး
အင်္ဂါလည်းဖြစ်တယ်။ ကိုယ်တွင်းကအဆိပ်အပုပ်နဲ့ အညစ်အကြေးတွေ ရှင်းထုတ်မှုအတွက် အရေးပါတဲ့လမ်းကြောင်းပါ။
ဒါကြောင့် အရေပြားမှာ ပြဿနာမကြာခဏပေါ်လျှင် အသည်းနှင့် ကျောက်ကပ်တွေ လုပ်ငန်းဝန်ပိတာ
သို့မဟုတ် လုပ်ငန်းစွမ်းရည်ကျဆင်းတာရဲ့ ပြယုဂ်တစ်ခုပါပဲ။ တစ်နည်းအားဖြင့် အရေပြားဟာ
အခါတိုင်းထက် ပိုမိုများပြားတဲ့ အညစ်အကြေးတွေကို စွန့်ပေးနေရလို့ မိမိရဲ့ မကျေနပ်ချက်တွေကို
ပုံစံအမျိုးမျိုးနဲ့ ပြလာတာပေါ့။
ခေါင်းနောက်ကျိခြင်း၊
မှတ်ဉာဏ်လျော့ခြင်း၊ ဒေါသထွက်လွယ်ခြင်း
ကိုယ်တွင်းအဆိပ်အပုပ်များလွန်းလျှင် ကိုယ်တွင်းအင်္ဂါတွေ
လုပ်ငန်းဝန်ပိလျှင် ဒါမှမဟုတ် ကိုယ်တွင်းသွေးလှည့်ပတ် စီးဆင်းမှုမပွင့်လျှင် သွေးနှင့်
အောက်စီဂျင် အပို့နည်းတာဖြစ်နိုင်တယ်။ ဒီတော့ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းကို ထိခိုက်ပြီး
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာခြင်းပါပဲ။
အ၀လွန်ခြင်း
ဆဲလ်တွေ ၀န်ပိုထမ်းရခြင်း၊ အဆီတွေစုပုံခြင်းတွေဟာ
ဝလာခြင်းရဲ့ အကြောင်းရင်းပါပဲ။ ဒါ့အပြင် အဆိပ်အပုပ်များလွန်းလို့ ပုံမှန်အညစ်အကြေးစွန့်မှု
စွမ်းရည်ကို ထိခိုက်လာတဲ့အတွက်ကြောင်းလည်း ဖြစ်ရတတ်ပါတယ်။
အဆစ်ရောင်ခြင်း သို့မဟုတ်
အဆစ်၊ ကြွက်သားမာတောင့်ခြင်း
အဆိပ်အပုပ်များ ကိုယ်တွင်းစုပုံလာတဲ့အခါ
သွေးလှည့်ပတ်မှုကြောင့် ရောနှောသွားပြီး အဆစ်နှင့် ကြွက်သားတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို
တားဆီးတဲ့အရာ ဖြစ်လာတယ်။ ဒါတွေများလာတဲ့အခါ အဆစ်အမြစ်ရောင်ရမ်းနာကျင်တာ ဖြစ်လာစေတယ်။
နှလုံး၊ ဦးနှောက်က သွေးကြောရောဂါ
သွေးရည်အတွင်း ကိုလက်စထရောနှင့် အခြားအဆိပ်အပုပ်တွေများလာ၊
စုလာတဲ့အခါ သွေးလှည့်ပတ်မှုကို ထိခိုက်လာမယ်။ ဒါဟာ နှလုံးနှင့် ဦးနှောက်က သွေးကြောရောဂါဖြစ်ပွားရတဲ့
အဓိကအကြောင်းရင်းပါပဲ။
အဆုတ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
ညစ်ညမ်းတဲ့လေထု၊ ဆေးလိပ်သောက်ခြင်းနှင့်
တိုက်ရိုက်ဆက်စပ်နေတယ်။ ပတ်ဝန်းကျင်ရှိ အဆိပ်အပုပ်ကြောင့် ရရှိတဲ့ဆိုးကျိုးပါ။
ကျောက်ကပ်ရောဂါ
ကျောက်ကပ်ဟာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေး စစ်ထုတ်ပေးတဲ့
အင်္ဂါပါ။ အဆိပ်အပုပ်များစွာ စုပုံမှုဟာ ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ဆီးအဆိပ်သင့်ခြင်းများ
ဖြစ်ရတဲ့ အဓိက အကြောင်းရင်းပါ။
အသည်းရောဂါ
အသည်းဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်ဖြေအင်္ဂါပါ။ ဘယ်လိုအဆိပ်အပုပ်မျိုးပဲဖြစ်ဖြစ်
တိုးများလာလျှင် အသည်းကို တိုက်ရိုက်ထိခိုက်လို့ ရောဂါဖြစ်စေတယ်။
နေ့စဉ်ကျန်းမာရေးနှင့်
ရောဂါကာကွယ်ရေးအတွက် အဓိကအကျဆုံးနည်းကတော့ ကျန်းမာရေးနှင့်လျော်ညီတဲ့ ဘ၀နေကျင့်ပုံစံကို
မွေးမြူဖို့၊ အဆိပ်အပုပ်ဖြစ်ပေါ်မှုနှင့် ကိုယ်တွင်းစုပုံမှုကို နည်းနိုင်သမျှနည်းအောင်
တားဆီးဖို့၊ ခန္ဓာကိုယ် အတွင်းအပြင် နှစ်ရပ်စလုံး သန့်ရှင်းဖို့ပါပဲ။
ဘယ်လိုလူတွေမှာ အဆိပ်အပုပ်
ဖြစ်လွယ်ပါသလဲ။
- ဟင်းသီးဟင်းရွက်နှင့် သစ်သီးအစားနည်းသူများ။
- နို့ချဉ်၊ ပင်လယ်ကျောက်က၀တ်၊ ကြက်သွန်နီစတဲ့
ကျန်းမာရေးအားပေးစာများ လုံးဝမစားသူများ။
- အနောက်တိုင်းအမြန်စာများကို တစ်ပတ်မှာ
3 ကြိမ်ထက်မက စားတတ်သူများ။
- စားချိန်၊ အိပ်ချိန်၊ အလုပ်ချိန် ပုံမှန်မရှိဘဲ၊
ညချိန်အအိပ်ပျက်လေ့ရှိသူများ။
- သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုမပြုသူများ။
- အလုပ်ပိ ဖိစီးမှုကြီးပြီး စိတ်မရွှင်ပြကြသူများ
တို့ဖြစ်ကြပါတယ်။
အဆိပ်အပုပ်ဆိုတာ ပမာဏထုများလာလို့ ဖြစ်ပေါ်ရတာပါ။
ပရိုတင်း၊ အဆီတို့လို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာများပင်လျှင် လိုတာထက်ပိုလာပြီး
ခန္ဓာကိုယ်ရဲ့ ခံနိုင်အားကိုကျော်လာပါက အမှိုက်နှင့် အဆိပ်ဖြစ်လာတော့တာပါပဲ။
အဆိပ်အပုပ်ဆိုတာ ဘယ်လိုအရာလဲ။
အဆိပ်အပုပ်ဆိုတာကတော့ သက်ရှိခန္ဓာရဲ့ ဇီဝကမ္မလုပ်ငန်းဆောင်တာအပေါ်
မကောင်းတဲ့ အကျိုးသက်ရောက်စေတဲ့ အရာဖြစ်တယ်။ ခန္ဓာကိုယ်ရောဂါဖြစ်ရ အိုမင်းချည့်နဲ့ရတဲ့
အကြောင်းရင်းတွေထဲက အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
အသက်ရှင်နေသရွေ့ခန္ဓာကိုယ်ကနေ အဆိပ်အပုပ်နှင့်အမှိုက်တွေ
မပြတ်ပေါ်နေမှာပါပဲ။ တကယ်တော့ ဒါဟာ ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်ရတဲ့ ပုံမှန်အခြင်းအရာပါ။
ခန္ဓာကိုယ်ကျန်းမာအောင် ထိန်းညှိပေးရတဲ့ လိုအပ်ချက်ကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ ပင်ကိုယ်အရ
ပမာဏသင့်တင့်သော အမှိုက်များကို စွန့်ထုတ်ပေးနိုင်စွမ်းရှိလို့ ဒီလိုအမှိုက်မျိုးကိုတော့
ပုံမှန်အမှိုက်လို့ခေါ်နိုင်တယ်။ သို့သော်ဒီလို ပုံမှန်အမှိုက်မျိုးဖြစ်သည့်တိုင် နည်းလေကောင်းလေပါပဲ။
-
ခန္ဓာကိုယ်မှပုံမှန် သေဆုံးနေတဲ့ ဆဲလ်များ။
-
လွန်ကဲအောင် စားသောက်လိုက်တဲ့ အစာသို့မဟုတ် အရည်။
-
ရောဂါ သို့မဟုတ် ဒဏ်ရာရပြီး နောက်ပိုင်း ခန္ဓာကိုယ်ရဲ့ အစားထိုးမှု ခံရတဲ့ တစ်သျှူးများ။
ဒါပေမယ့် လူတွေဟာ နေ့စဉ်ဘ၀အတွင်းကနေ ရှောင်လျှင်ရနိုင်မယ့်
အဆိပ်မျိုးစုံကို စက္ကန့်မလပ် စုပ်ယူနေလေရဲ့။ ဒါကြောင့်ခန္ဓာကိုယ်ထဲမှာ မရှိသင့်တဲ့ အဆိပ်အပုပ်များ
တဖြည်းဖြည်းတိုးပြီး စုပုံလာတယ်။ ဝေးဝေးရှောင့်သင့်တဲ့ အဆိပ်ရှိ အရာများကတော့ -
*စီးကရက်၊
အရက်(အယ်လ်ကိုဟော)၊ ကက်ဖိန်း။
*ဆေးဝါးထဲက
ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ အရာများ။
*အချိုဓါတ်
(သို့) အဆီဓါတ်မြင့်တဲ့ အစားအစာများ သို့မဟုတ် လွန်လွန်ကျူးကျူး စားသောက်လိုက်တဲ့ အစာများ။
*အမြန်စာ
သို့မဟုတ် အလွယ်စာဆိုတဲ့ အစားသောက်မှာပါတဲ့ မပုပ်မသိုးအောင် ကာကွယ်ေ ဆးနှင့် ဖြည့်စွက်ဓါတ်စာများ၊ ခန္ဓာကိုယ်အတွက် ဥပါဒ်ဖြစ်စေတဲ့
အမွှေးအကြိုင်၊ ဟင်းခတ်ပစ္စည်းများ။
*ပတ်ဝန်းကျင်က
အဆိပ်များဖြစ်တဲ့ ဓါတ်ရောင်ခြည်၊ ဆူညံသံ၊ ညစ်ညမ်းလေထု၊ ပိုးသတ်ဆေး၊ အိမ်တွင်းပြင်ဆင်မွမ်းမံမှုသုံး
ပစ္စည်းများ။
*စိတ်ပိုင်းဆိုင်ရာ
အဆိပ်များဖြစ်တဲ့ ဖိစီးမှု၊ ပူပန်သောကစိတ်များ စတာတွေဖြစ်တယ်။
အထက်ပါ အခြင်းအရာများကို လွယ်အောင်ချုပ်လိုက်လျှင်
ကိုယ်တွင်းက အဆိပ်အပုပ်များဟာ အောက်ပါအနေအထား(4)မျိုးကနေ ဖြစ်လာခြင်းပါ။ (1)ကိုယ့်ကိုယ်တွင်းက
ပေါ်လာခြင်း (2)အစားအစာထဲကရရှိခြင်း (3)ပတ်ဝန်းကျင်ကရရှိခြင်း (4)စိတ်နေစိတ်ထား၊အမှုအကျင့်ကြောင့်
ပေါ်လာရခြင်းတွေပဲဖြစ်ပါတယ်။
မိမိရဲ့ အဆိပ်အပုပ် ရှင်းထုတ်နိုင်စွမ်းကိုသိအောင်လုပ်ပါ။
မိမိရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှု
အင်္ဂါများအပေါ် အချိန်မီ ပံ့ပိုးပေးပါ။
လူ့ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ် ရှင်းထုတ်နိုင်စွမ်းဟာ
ဘယ်မှာတည်သလဲ။ အစာအိမ်၊ အူ၊ အသက်ရှူလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်နှင့် အရေပြားတွေအပေါ်မှာ
တည်နေပါတယ်။
အင်္ဂါအသီးသီးရဲ့
အဆိပ်အပုပ်ရှင်းထုတ်မှု အချိန်ဇယား
ကျွန်တော်တို့ ကိုယ်တွင်းက အဆိပ်အပုပ် ရှင်းထုတ်ပေးတဲ့
အင်္ဂါအသီးသီးမှာ မတူကွဲပြားနေတဲ့ အလုပ်ချိန်ရှိပါတယ်။ ဒီအချက်ကို သိရှိထားမှ မိမိရဲ့အလုပ်ချိန်၊
နားချိန်တွေကို စနစ်တကျ စီမံနိုင်မယ်။ ဒါမှ ကိုယ်တွင်းက အဆိပ်အပုပ်တွေကို ပိုမိုကောင်းစွာ
ရှင်းထုတ်နိုင်ဖို့ အထောက်အကူပြုနိုင်မယ်။
ည 9း 00 – 11း 00 နာရီ
ရောဂါပြီးစနစ်(ပြန်ရည်ကြောဖု)ရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ။
ဒီအချိန်မှာ ငြိမ်သက်စွာ သို့မဟုတ် တေးဂီတနားထောင်ပြီး နေသင့်ပါတယ်။ ဗျာများနေတယ်၊
သောကပွားနေတယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းပါ။
ည 11း 00 - နံနက် 3
း 00 နာရီ
အသည်းရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ
လုပ်ငန်းဆောင်ရွက်နိုင်မယ်။
နံနက် 1း 00 – 3း
00 နာရီ
သည်းခြေရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ
လုပ်ငန်းဆောင်ရွက်နိုင်မယ်။
နံနက် 3း 00 – 5း
00 နာရီ
အဆုတ်ရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ချောင်းဆိုးနေတဲ့သူတွေ
ဒီအချိန်ပိုင်းမှာ ချောင်းဆိုးပိုလေ့ရှိတာဟာ ဒီအချက်ကြောင့်ပါ။
မှတ်ချက်
-
ညဥ့်နက်မှအိပ်ပြီး နေမြင့်မှထလျှင် အဆိပ်အပုပ်ရှင်းထုတ်မှုဖြစ်စဉ်တစ်ခုလုံးကို
ဝရုန်းသုန်းကားဖြစ်သွား စေတယ်။ ဒါ့အပြင် ညလယ်မှနံနက်မိုးလင်း 4နာရီထိ အချိန်ပိုင်းဟာ
ကျောရိုးခြင်ဆီကနေ သွေးထုတ်လုပ်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးပျက်မခံဘဲ
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဖို့ လိုပါတယ်။
နံနက် 5း 00 – 7း
00 နာရီ
အူမကြီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ။ အိမ်သာတက်ပြီးမစင်စွန့်သင့်ပါတယ်။
နံနက် 7း 00 – 9း
00 နာရီ
အူသိမ်က အာဟာရဓါတ် အများအပြားစုပ်ယူနေတဲ့
အချိန်ပိုင်းပါ။ ဒီအချိန်မှာ နံနက်စာစားသင့်တယ်။ ရောဂါကုသခံ နေသူကတော့ နည်းနည်းစောပြီး
နံနက် 6း 30 နာရီမတိုင်မီစားပါ။ ကျန်းမာရေးလိုက်စားသူကတော့ 7း 30 နာရီ မတိုင်မီ စားပါ။
နံနက်စာစားတဲ့အကျင့်မရှိလျှင် မကောင်းလို့ စားတဲ့အကျင့်ကိုမွေးပါ။ 10း 00 နာရီလောက်မှ
စားဖြစ်မယ်ဆိုရင်တော့ မစားတော့တာဘဲ ပိုကောင်းပါတယ်။
သင့်ရဲ့အဆိပ်အပုပ်ရှင်းထုတ်မှု
စနစ်အပေါ် အချိန်မီ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
အစာအိမ်
အစာအိမ်ရဲ့ အဓိကလုပ်ငန်းဟာ အစာထဲမှာပါရှိတဲ့
ရောဂါပိုးမွှားတွေကို သုတ်သင်ပြီး အစာခြေဖျက်ပေးတာ ဖြစ်ပေမယ့် ရံဖန်ရံခါမှာလည်း အဆိပ်အပုပ်ရှင်းထုတ်တဲ့
တာဝန်ကိုယူပါတယ်။ ကိုယ်တွင်းက အဆိပ်ကိုပျို့အန်တဲ့နည်းဖြင့် စွန့်ထုတ်လေ့ပါတယ်။
ပံ့ပိုးမှုနည်းနာ-
ချဉ်လွန်း၊ စပ်လွန်းတဲ့ အစာများကို ဗိုက်ထဲ
အစာမရှိဘဲမစားပါနဲ့။ အတတ်နိုင်ဆုံး စနစ်တကျစားသောက်တာ ဖြစ်အောင် ဂရုစိုက်ပါ။
ပြန်ရည်ကြောစနစ်
ပြန်ရည်ကြောစနစ်ဟာ သွေးလွှတ်ကြော၊ သွေးပြန်ကြောများလို
လူ့ခန္ဓာကိုယ်အတွင်းလှည့်ပတ်နေတယ်။ ကိုယ်တွင်းကအဆိပ်အပုပ်များကို လက်ခံသိမ်းဆည်းတဲ့
အလုပ်ကိုလုပ်ပါတယ်။ တစ်ကိုယ်လုံးမှာလှည့်ပတ်နေတဲ့ ပြန်ရည်ဟာ ကိုယ်တွင်းက အဆိပ်အပုပ်ကိုစုပ်ယူပြီး
ပြန်ရည်ကျိတ်ဖုဆီ ပို့ပေးတယ်။ ပြန်ရည်ကျိတ်ဖုဟာ အဆိပ်ကို စစ်ထုတ်ယူပြီး သွေးရည်မှတဆင့်
အဆုတ်၊ အရေပြား၊ အသည်း၊ ကျောက်ကပ်များသို့ပို့ကာ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်တယ်။
ပံ့ပိုးမှုနည်းနာ -
နေ့တိုင်းရေနွေးနွေးဖြင့် 10-15မိနစ်ကြာ
ရေစိမ်ချိုးပေးနိုင်လျှင် ပြန်ရည်လှည့်ပတ်မှုကို အားပေးနိုင်ပါတယ်။ ရေနွေး မချိုးနိုင်လျှင်တောင်
ခြေကိုရေနွေးစိမ်ပေးပါ။
မျက်စိ
အမျိုးသမီး အထူးသဖြင့် အငိုလွယ်တဲ့ အမျိုးသမီးတွေမှာ
မျက်စိကနေ အဆိပ်အပုပ်ရှင်းထုတ်မှုဟာ အတော်ထိရောက်တယ်လို့ ဆိုရပါမယ်။ မျက်ရည်ထဲမှာ လူ့ကျန်းမာရေးကို
ဒုက္ခ ပေးနိုင်တဲ့ အဆိပ်အပုပ်များစွာ ပါဝင်ကြောင်း ဆေးပညာရှင်များက ဖော်ထုတ်တင်ပြထားပါတယ်။
ပံ့ပိုးမှုနည်းနာ-
မျက်ရည်ကျခဲသူများအနေနဲ့ တစ်လမှာ တစ်ကြိမ်လောက်
အလွမ်းအဆွေးကြေကွဲဖွယ် ရုပ်ရှင်၊ တီဗွီကြည့်ပါ။ သို့မဟုတ် ကြက်သွန်နီဥကို လှီးပါ။
အဆုတ်
အဆုတ်ဟာ အဆိပ်အပုပ်အလွန်စုလွယ်တဲ့ နေရာပါ။
အကြောင်းကတော့ လူဟာတစ်ရက်မှာ လေ1000 လီတာလောက်အဆုတ်ထဲ ရှူသွင်းရလို့ပါပဲ။ လေထဲလွှင့်မျောနေတဲ့
ရောဂါပိုး၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့်စတဲ့ ဒုက္ခ ပေးနိုင်တဲ့ အရာများဟာ လေနဲ့အတူ အဆုတ်ထဲ
ဝင်ရောက်လာနိုင်တယ်။ တစ်ဖက်ကလည်း အဆုတ်အနေနဲ့ ဒီလိုဝင်ရောက်လာတဲ့ အရာအချို့နှင့် ကိုယ်တွင်း
ဇီဝကမ္မ ဖြစ်ပျက်စဉ်က ပေါ်ပေါက်တဲ့ အညစ်အကြေးများကို အသက်ရှူထုတ်နည်းဖြင့် စွန့်ထုတ်
ပေးနိုင်ပါတယ်။
ပံ့ပိုးမှုနည်းနာ-
လေထုသန့်ရှင်းလတ်ဆတ်တဲ့နေရာ ဒါမှမဟုတ် မိုးရွာပြီးနောက်
လေထုသန့်စင်နေတဲ့အခါမှာ အသက်ပြင်းပြင်းရှူ တဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။ သို့မဟုတ် အကြိမ်အချို့
ချောင်းတမင်ဆိုးပြီး အဆုတ်ရဲ့အဆိပ်အပုပ် ရှင်းထုတ်မှုကို ပံ့ပိုးပေးပါ။
အသည်း
လူ့ခန္ဓာကိုယ်မှာ အဆိပ်ကို ခြေဖျက်ပေးနိုင်အား
အကြီးဆုံးအင်္ဂါဟာ အသည်းပါပဲ။ အသည်းဟာ အဆိပ်ဖြေအင်ဇိုင်းကိုမှီပြီး အစားအစာကို အချောကိုင်ပြုပြင်ကာ
ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့် အရာအဖြစ်ပြောင်းလဲ ပေးတယ်။ ဒီနောက် စုပ်ယူပါတယ်။ ဒါပေမယ့်
အစာထဲက အဆိပ်အချို့ကတော့ ကျန်နေဦးမှာပါပဲ။
ပံ့ပိုးမှုနည်းနာ-
ယောဂ ကျင့်စဉ်ကို လိုက်စားပါ။ ယောဂကျင့်စဉ်ဟာ
အဆိပ်ဖယ်ထုတ်ဖို့ အထိရောက်ဆုံး လှုပ်ရှားနည်းတစ်ရပ် ဖြစ်တယ်။ အသည်းစတဲ့ အင်္ဂါများအပေါ်
ဖိအားသက်ရောက်စေရာမှ ယင်းတို့ရဲ့သွေးလှည့်ပတ်မှုကို မြန်စေတယ်။ ဒီအခါ အဆိပ်ရှင်းထုတ်မှုကို
အားပေးနိုင်တယ်။
အရေပြား
အတွင်းအဆိပ်ဒဏ်သင့်လျှင် အပေါ်လွင်ဆုံးနေရာဟာ
အရေပြားဖြစ်သလို အဆိပ်အပုပ်ရှင်းထုတ်ရာမှာ အသိသာ အပေါ်လွင်ဆုံးနေရာဟာလည်း အရေပြားပါပဲ။
လူ့ခန္ဓာကိုယ်မှာ အဆိပ်အပုပ်ရှင်းထုတ်မှုအတွက် အကြီးဆုံးအင်္ဂါဖြစ်တယ်။ အခြားအင်္ဂါတွေကနေ
စွန့်ထုတ်ဖို့ ခက်ခဲတဲ့အဆိပ်ကို ချွေးထွက်တဲ့နည်းဖြင့် ရှင်းထုတ်ပေးနိုင်စွမ်းရှိတယ်။
ပံ့ပိုးမှုနည်းနာ-
တစ်ပတ်မှာ တစ်ကြိမ်အေရိုးဗစ် (ခေါ်) သွေးရည်ထဲ
အောက်စီဂျင်ပိုရောက်စေတဲ့ လှုပ်ရှားနည်း တစ်မျိုးမျိုးဖြင့် ချွေးထွက်အောင် ဆောင်ရွက်ပါ။
ကျောက်ကပ်
ခန္ဓာကိုယ်အတွင်း အဆိပ်အပုပ်ရှင်းထုတ်တဲ့
အင်္ဂါများအနက် အရေးပါဆုံးဖြစ်တယ်။ သွေးရည်ထဲက အဆိပ်ကို စစ်ထုတ်ပြီး ဆီးမှတဆင့် ပြင်ပသို့စွန့်ထုတ်ပေးတယ်။
ဒါ့အပြင် ကိုယ်တွင်းမှာ ရေဓါတ်နှင့် ပိုတက်စီယမ်၊ ဆိုဒီယမ် ဓါတ်ဆားတွေ ညီညွတ်မျှတအောင်ထိန်းပေးတယ်။
အဆိပ်အပုပ်ရှင်းထုတ်မှုဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ကိုယ်တွင်းအရည် လှည့်ပတ်မှုအတော်များများကို
ထိန်းချုပ်ပေးတယ်။ ဆီးထဲမှာ အဆိပ်အတောက်အလွန်များနေပြီး အချိန်မီ မစွန့်ထုတ်နိုင်လျှင်
နောက်တဖန်စုပ်ယူတာ ခံရနိုင်တယ်။ သွေးရည်ထဲ ပြန်လည်ရောက်ရှိသွားလျှင် ကျန်းမာရေးကို
ပိုဒုက ပေးနိုင်တယ်။
ပံ့ပိုးမှုနည်းနာ-
ရေကိုလုံလောက်စွာ သောက်ပေးပါ။ အကျိုးအားဖြင့်
ကိုယ်တွင်းအရည်က အဆိပ်အတောက်ကို ကျဲပျော့စေရုံသာမက ကျောက်ကပ်ရဲ့ ဇီဝကမ္မ လုပ်ငန်းကိုလည်း အားပေးနိုင်လို့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပဆီ
စွန့်ထုတ်ပေးနိုင်လိမ့်မယ်။ ဒါ့ကြောင့် နေ့စဉ်နံနက်စောစောဘာမှ မစားမီးမှာ ရေတစ်ခွက်သောက်ပါ။
အူလမ်းကြောင်း
အစာထဲက မခြေဖျက်နိုင်တဲ့ အကြွင်းအကျန်အဖတ်များဟာ
အူလမ်းကြောင်းထဲ ရောက်ရှိတဲ့အခါ ရေဓါတ်အချို့ကို အူအမြှေးပါးက စုပ်ယူလိုက်တယ်။ ကျန်တာတော့
ပိုးမွှားရဲ့ အချဉ်ဖောက်မှုနဲ့ ပုပ်ဆွေးစေမှုကြောင့် မစင်အဖြစ်ပြောင်းလဲလာတယ်။ ဒီလိုဖြစ်စဉ်မှာ
အင်ဒိုး စတဲ့ အဆိပ်ရှိပစ္စည်းများ ထွက်လာတယ်။
ဒါ့အပြင် အစားအစာ သို့မဟုတ် လေကနေတဆင့် ကိုယ်တွင်းဝင်ရောက်လာတဲ့
အဆိပ်အပုပ်များလည်း ရှိနေသေးတာမို့ မစင်ထဲမှာအဆိပ်အပုပ် အမြောက်အများရှိနေမှာဖြစ်တယ်။
ဆီးရည်လိုပဲ အချိန်မီမစွန့်ထုတ်နိုင်လျှင် မစင်ထဲက အဆိပ်အပုပ်တွေကို ခန္ဓာကိုယ်က နောက်တစ်ကြိမ်
ပြန်စုပ်ယူနိုင်လို့ ကျန်းမာရေးကို ဒုက္ခ ပေးနိုင်တယ်။
ပံ့ပိုးမှုနည်းနာ-
နံနက်စောစော ပုံမှန်ဝမ်းသွားတဲ့ အကျင့်ကိုရအောင်မွေးပါ။
ဒါမှ မစင်တွေကို အူထဲမှာ ကြာကြာရှိစေမှာ မဟုတ်တဲ့ အတွက် အဆိပ်အပုပ်ပြန်လည်စုပ်ယူမှုကို
လျော့နည်းစေတယ်။ အမျှင်များများပါတဲ့အစာကိုစားပေးခြင်းဖြင့် အူရဲ့ လှိုင်းထ လှုပ်ရှားမှုကို
တိုးများစေလို့ ၀မ်းချုပ်တာကို ကာကွယ်နိုင်တယ်။
ဦးနှောက်
ဦးနှောက်ဟာ အဆိပ်အပုပ်ကို တိုက်ရိုက်ရှင်းထုတ်တဲ့အင်္ဂါတော့
မဟုတ်ပါ။ သို့သော် စိတ်အနေအထားဟာ အဆိပ်အပုပ်ရှင်းထုတ်တဲ့ အင်္ဂါအသီးသီးရဲ့လုပ်ငန်းစွမ်းရည်အပေါ်
သိသာစွာလွှမ်းမိုးမှု ရှိနေတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုနှင့် မွန်းကျပ်မှုတွေဟာ ခန္ဓာကိုယ်ရဲ့
အဆိပ်အပုပ်ရှင်းထုတ်မှုစနစ်ကို ချုပ်ငင်ထားပါတယ်။
ပံ့ပိုးမှုနည်းနာ-
အိပ်ရေးဝအောင်အိပ်ပါ။ စိတ်ကိုလွတ်လပ်ပေါ့ပါးအောင်ထားပါ။
ဦးနှောက်အပေါ် ဖိအားမများပါစေနဲ့။
တစ်နည်းအားဖြင့်
ကိုယ်တွင်းက အညစ်အမှိုက် အဆိပ်အပုပ်တွေကို ရှင်းထုတ်ဖို့အတွက် အစုအဖွဲ့ကြီး 4 ခုရဲ့လုပ်ငန်း
ပုံမှန်လည်ပတ်မှုအပေါ်မှာ အဓိက တည်မှီနေတယ်။ အစာခြေအစုအဖွဲ့၊ အသက်ရှူအစုအဖွဲ့၊ အညစ်အကြေးစွန့်
အစုအဖွဲ့နှင့် အရေပြားတို့ပါပဲ။
ဒီအစုအဖွဲ့
4 ခုရဲ့ လုပ်ငန်းပုံမှန်ဖြစ်ဖို့အတွက် ကျောက်ကပ်ကနေဆီးကောင်းကောင်း စွန့်နိုင်အောင်
ရေလုံလောက်စွာ သောက်ခြင်း၊ အစာအိမ်၊ အူတွေ ပုံမှန်လှိုင်းထလှုပ်ရှားမှုဖြစ်ပေါ်ဖို့ ဖိုင်ဘာပါတဲ့
အစာများလုံလောက်စွာစားခြင်း၊ အသက်ရှူ အစုအဖွဲ့က အင်္ဂါများကို လှုပ်ရှားလေ့ကျင့်ပေးခြင်း၊
သင့်တင့်စွာ ကိုယ်လက်လှုပ်ရှားအားကစားခြင်း၊ ရေကောင်းကောင်းချိုးခြင်း စတာတွေ ဂရုတစိုက်ဆောင်ရွက်ပါ။
အချုပ်အားဖြင့်ဆိုလျှင်
မိမိရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှု ရှိရင်းစွဲစွမ်းအားကို အပြည့်အ၀ဖော်ထုတ်ပါ။ ဒါဟာ သဘာဝအကျဆုံး
နည်းကောင်းပါပဲ။ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှု အကျင့်ပုံစံတွေကို
သိပ္ပံနည်းကျဖြစ်စေတာဟာ ခန္ဓာကိုယ်ရဲ့အဆိပ်အပုပ်စွန့်ထုတ်အားကို တိုးများစေဖို့အတွက်
အခရာကျတဲ့ အချက်ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပေးပါမည်။
KWZ
No comments:
Post a Comment
Note: Only a member of this blog may post a comment.